Friday, August 31, 2007

နောင်ရိုးမျိုးဆက်

တိုက်ပွဲဝင်ပြည်တွင် က သူငယ်ချင်း ၈၈ မျိုးဆက် ရဲဘော်များ အား ဒီကဗျာ ဖြစ် ဂုဏ်ပြုလိုက်ပါသည်

နောင်ရိုးမျိုးဆက်

မောင်းပြန်ကို

ဒေါင်းလံနဲ့  တိုက်မဟေ့

ပြည်သူရှေ့က စိမ်ခေါ်သံ

အမှောင်ခေတ်ကို ကျော်ဖြတ်ရန်

ခွပ်ဒေါင်းတွန်ကျုး ဟိန်းပွက်ညံ။

လှည်းနေ လှေအောင်း

မြင်းဇောင်း မကျန်ခဲ့

မြတ်သော သွေးချွှေး

နှင်းအပ်နှံတဲ့

ငါတို့ ရဲ့  တော်လှန်ရေး

ဒီမိုကရေစီ အရေတော်ပုံ

မြေမိုးသိမ့်သိမ့် တုန်လေသတည်း။

မောင်လွမ်းဏီ

အပြည့်အစုံ..သို့ ...

Tuesday, August 28, 2007

ကျနော် ဒီနေ့  အားတာနဲ့  online ပေါ်မှာ ရှောက်သွားရင်းနဲ့ asiantribune သတင်းစာမှာ Col R Hariharan (retd.) ကရေးသာပြီး http://www.phatpa.com/ က Ma Naw Kyi ဘာသာပြန်ထားတဲ ဆောင်းပါ တပုဒ် ကိုကြိုက်တာနဲ့ တင်ပေးလိုက်ပါတယ် မြန်မာ နိုင်ငံရေးစိတ်ဝင်စား သူတွေအတွက် လေ့လားလို ၇တာပေါ့။့
အိန္ဒိယ၊မြန်မာနဲ့တရုတ် ဆက်ဆံရေး အခြေအနေများ
Posted July 22nd, 2007 by MaNawKyi in Politics

By Col R Hariharan (retd.) http://www.asiantribune.com/

ဒုတိယကမ္ဘာစစ်ကတည်းကစ၍ ယနေ့ကာလ လောက်မြန်မာနိုင်ငံကို နိုင်ငံတကာ အာရုံစိုက်မှုမျိုး မရှိခဲ့ဘူးချေ။ ဤကဲ့သို့ ဖြစ်လာရမှုတွင် ပြည်တွင်းပြည်ပ အကြောင်းရင်းများ ရှိသည်။ အဓိက ကမ္ဘာစီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် တရုတ်ပြည် ပေါ်ထွက်လာမှု၊ အိန္ဒိယကလည်း ကမ္ဘာ့အင်အားကြီး စီးပွားရေးပါဝါ ဖြစ်လာရေး အတွက် တံခါးဖွင့်ပေး နေမှုများက တောင်နှင့်အရှေ့တောင်အာရှတွင် နိုင်ငံတကာ ဆက်ဆံရေး များကို ပြန်လည် အဓိပ္ပါယ် ဖွင့်ဆို လာကြသည်။ မြန်မာကို တရုတ်နှင့်အိန္ဒိယတို့အတွက် အရေးပါသော ဒေသအဖြစ်မြင်လာကြသည်။ အထူးသဖြင့် ဤဒေသတွင် မိမိနှင့် ယှဉ်ပြိုင်နိုင်သော အနေအထားသို့ ရောက်လာနိုင်သည်။ တရုတ်၏ ဩဇာအာဏာကြီးထွားလာမှုကို ချိန်ထိုးလိုသော အမေရိကန်အတွက် အရေးကြီးသည်။ တရုတ်က မြန်မာနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ ရင်းနှီးစွာ ဆက်ဆံနေချိန်တွင် အိန္ဒိယကလည်း ဤကဲ့သို့ နီးစပ်လာစေရန် ကြိုးပမ်းနေသည်။ အိန္ဒိယနှင့် မြန်မာ၊ မြန်မာနှင့် တရုတ်ဆက်ဆံရေးများကို လေ့လာကြည့်ပါက ၎င်းနိုင်ငံများ ပထ၀ီမဟာဗျူဟာ အခင်းအကျင်းပြုလုပ်နေပုံနှင့် ဒေသ၏ နိုင်ငံရေးပတ်ဝန်ကျင်ကို ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချနေပုံများ စိတ်ဝင်စားစရာ တွေ့ရပေမည်။

ပထ၀ီမဟာဗျူဟာအရှိတရား
မြန်မာနှင့်နယ်ချင်းစပ်နေသော နိုင်ငံငါးနိုင်ငံရှိသည်။ မြန်မာသည် ဘင်္ဂလားဒေ့ရှ်နှင့် ၁၉၃ ကီလိုမီတာ၊ တရုတ်နှင့် ၂၁၈၅ ကီလိုမီတာ အိန္ဒိယနှင့် ၁၄၆၃ ကီလိုမီတာ၊ လာအိုနှင့် ၂၃၅ ကီလိုမီတာ၊ ထိုင်းနှင့် ၁၈၀၀ ကီလိုမီတာ၊ နယ်ချင်းထိစပ်နေသည်။ အိန္ဒိယက အနောက်ဖက်နယ်စပ်ကို ပိုင်ဆိုင်ထားသလို၊ တရုတ်က အရှေ့မြောက်နယ်စပ်နှင့် ထိုင်းက လာအိုနယ်စပ်အနည်းအကျဉ်းမှလွဲ၍ အရှေ့ဖက်နယ်စပ်တခွင်လုံးကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့်မြန်မာသည် တောင်နှင့်အရှေ့တောင်အာရှကို ဆက်စပ်ပေးသော မဟာဗျူဟာ တံတားကဲ့သို့ ဖြစ်နေသည်။ အိန္ဒိယသမုဒ္ဒရာဖက် ရေပိုင်နက်တွင်လည်း မြန်မာနိုင်ငံသည် မဟာဗျူဟာအရ တန်ဖိုးရှိနေသည်။ မြန်မာ၏ ကီလိုမီတာ ၁၉၃၀ ရှည်လျားသော ပင်လယ်ကမ်းခြေသည် ဘင်္ဂလားပင်လယ်အော် အရှေ့ဖက်တလွှားကို လွှမ်းခြုံနေပြီး မလက္ကရေလက်ကြားဖက်သို့ ထိစပ်နေသည်။ ဤသို့ဖြင့် မြန်မာ့ရေပြင်သည် တရုတ်၏တောင်အာရှ ရေလမ်းခရီးအတွက် အတိုဆုံးလမ်းကြောင်းဖန်တီးပေးသလို အိန္ဒိယ၏ ကုန်းတွင်းပိုင်း အရှေ့မြောက်ဖက်ဒေသအတွက်လည်း ကုန်းလမ်းရေလမ်းထွက်ပေါက် မြန်မာ၏ပင်လယ်ရေပိုင်နက်သည့် အန်ဒမန်ကျွန်းစုမှနေ၍ ကီလိုမီတာ ၃၀ သာရှိပြီး ၎င်း၏ရေကြောင်းလုံခြုံရေး အလားအလာကို တိုးချဲ့နေရသည်။မြန်မာနှင့် နယ်ချင်းစပ်နေသော နေရာဒေသ နှစ်ခုစလုံးတွင် ကိုယ်ပိုင်သီးခြားလူမျိုးရေး၊ ဘာသာရေးနှင့် ဘာသာစကား ကွဲပြားမှု ရှိနေကြသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်လျက်ရှိကြသည်။သို့သော်လည်း ဗုဒ္ဓဘာသာဝင်များလည်း ဖြစ်ကြသည့် လူများစုဗမာများသည် မြေဩဇာကောင်းပြီး ပို၍တိုးတက်သော မြန်မာပြည်တောင်ပိုင်းတွင် နေထိုင်ကြပြီး တရုတ်နှင့် အလွယ်တကူ ဆက်သွယ်နိုင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း လူမျိုးစုဒေသများမှာ လျစ်လျူရှုခံနေရပြီး တိုးတက်မှု မရှိသေးချေ။ ထို့ကြောင့်လူမျိုးစုများ ကင်းကွာလာခဲ့ပြီး ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စစ်ပွဲများဆင်နွှဲခဲ့ကြသည်။ အထူးသဖြင့် နာဂ၊ကချင်၊ ချင်းတို့သည် အိန္ဒိယနှင့် နယ်ချင်းစပ်နေသည်။ ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့် နီးစပ်နေပြီး လီဆူး၊ ကချင်နှင့်ရှမ်းတို့သည် တရုတ်နှင့် နယ်ချင်းစပ်နေသည်။ ရှမ်းနှင့်ကရင်လူမျိုးမှာမူ ထိုင်းနှင့်နယ်ချင်းစပ်နေသည်။ လူမျိုးရေးအရ ပုန်ကန်ထကြွမှုသည် မြန်မာဒီမိုကရေစီအစိုးရကို အမြဲတမ်းထိခိုက်စေပြီး နိုင်ငံမတည်မငြိမ် ဖြစ်စေသည်။ မြန်မာနိုင်ငံတောင်တန်းကြီးများနှင့် မြစ်များသည် အများအားဖြင့် မြောက်မှတောင်သို့ စီးဆင်းကြကုန်သည်။ ထို့ကြောင့် အိန္ဒိယအရှေ့ဖက်မှ မြန်မာနိုင်ငံသို့ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှုခက်ခဲသည်။ သို့သော်လည်း အရှေ့မြောက်ဖက် တရုတ်နှင့်နယ်စပ်တွင်မူ အလွယ်တကူ သွားလာဝင်ရောက်နိုင်ပြီး ကားများအ၀င်အထွက် ပြုလုပ်ပေးနိုင်သည်။ ဤကဲ့သို့အခွင့်သာမှုကြောင့် တရုတ်နယ်စပ်မှ မြန်မာအလယ်ပိုင်း မန္တလေးအထိ လမ်းပန်းဆက်သွယ်မှုရှိပြီး ပင်လယ်ကမ်းစပ်အထိ ခရီးပေါက်နိုင်သည်။ ဤသို့ တရုတ်ပြည်မကြီးမှ အိန္ဒိယအရှေ့ဖက်နယ်စပ်အထိ ခရီးပေါက်နိုင်သောကြောင့် မြန်မာသည် မဟာဗျူဟာအရ အရေးပါသော နိုင်ငံတစ်ခု ဖြစ်လာသည်။ အိန္ဒိယနှင့်အရှေ့ဖက်နယ်စပ်ဒေသများသည် မြန်မာနှင့်တရုတ်ဆက်စပ်နေသော ယူနန်နယ်စပ်ဒေသများလို ဖွံ့ဖြိုးတိုးတက်ခြင်း မရှိချေ။ တရုတ်သည် ယူနန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ၊လာအိုတို့နှင့် ချိတ်ဆက်ထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး အပြန်အလှန်ထူထောင်ထားသည်။ ဤနည်းဖြင့် အပြန်အလှန် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အိန္ဒိယထက် တရုတ်နှင့် အရေအတွက်ရော အရည်အသွေးအရပါ ပို၍ကောင်းမွန်နေသည်။

အိန္ဒိယနှင့် မြန်မာဆက်ဆံရေး

အိန္ဒိယနှင့် မြန်မာတို့သည် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမှုရေးအရ အပြန်အလှန်ဆက်သွယ်မှု သမိုင်းကြောင်းကြီးတစ်ရပ် ရှိခဲ့သည်။ ဗြိတိသျှကိုလိုနီလက်အောက်တွင် မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယ အစိတ်အပိုင်းတစ်ရပ်အဖြစ် ၁၉၃၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးကာလအထိ အိန္ဒိယကုန်သည်များ၊ ပညာရှင်များနှင့် အစိုးရအရာရှိများသည် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် ဗြိတိသျှတို့နှင့် လိုက်ခဲ့ကြသည်။ အိန္ဒိယလွတ်မြောက်ရေး လှုပ်ရှားမှုများကလည်း မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကို နိုးကြွစေနိုင်ခဲ့သည်။ နေရူးနှင့် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေး ရင်းနှီးဆက်ဆံမှုများ ရှိခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ၀န်ကြီးချုပ်ဦးနုခေါင်ဆောင်သော ပွင့်သစ်စဒီမိုကရေစီနိုင်ငံက နေရူး၏အကြံဥာဏ်များ ရယူတိုင်ပင်ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံရင်းနှီးဆက်ဆံမှု ထူထောင်နိုင်ခဲ့ကြသည်။သို့သော်လည်း ၁၉၄၈ မှ ၁၉၆၂ထိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအတွေ့အကြုံမှာ အောင်မြင်မှု မရခဲ့ချေ။ နိုင်ငံရေး ပြိုင်ဆိုင်မှုများ သင်းကွဲမှုများနှင့် အဂတိလိုက်စားမှုများအပြင် လူမျိုးရေးနှင့် ကွန်မြူနစ်သောင်းကျန်းမှုများကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေး ထိရောက်မှုမရှိခဲ့ချေ။ ပထမဆယ်စုနှစ်အတွင်း ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာဆက်ဆံရေး ကြဲသွားသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ မှ ၁၉၈၀ အထိ အာဏာသိမ်းအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံခြားသားကြောက်သူ တစ်ဦးဖြစ်သည်။ နေ၀င်းအုပ်ချုပ်သည့်ကာလအတွင်း အိန္ဒိယနှင့်မြန်မာတို့ ပုံမှန်ဆက်ဆံခဲ့သော်လည်း ရင်းနှီးမှုမရှိခဲ့ချေ။ သို့သော်လည်း ၁၉၈၈ နောက်ပိုင်းတွင် မြန်မာစစ်အစိုးရက ပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားမှုနှင့် ပတ်သက်၍ အိန္ဒိယက စာနာထောက်ထားမှုများကြောင့် ၁၉၈၈ မှ ၁၉၉၂ တွင် နှစ်နိုင်ငံဆက်ဆံရေး မကြည်မသာဖြစ်လာခဲ့သည်။ အိန္ဒိယသည် ထွက်ပြေးလာသော ဒီမိုကရေစီလှုပ်ရှားသူများကို ခိုလှုံခွင့်နှင့် ထောက်ပံ့ကူညီမှုများ ပေးခဲ့သည်။ သို့သော်လည်း ၁၉၉၂ ခုနှစ်မှစ၍ အိန္ဒိယသည် ၎င်း၏မဟာဗျူဟာနှင့် စီးပွားရေးအကျိုးများကို ထည့်သွင်းစဉ်းစား၍ လက်တွေ့အကြောင်းတရားများအပေါ် အခြေခံပြီး မြန်မာနှင့် ပတ်သက်သည့်ပေါ်လစီ ပြောင်းလဲခဲ့သည်။ အိန္ဒိယ၏ အရှေ့မြောက်နယ်စပ်သည် အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် အရေးကြီးသော နယ်မြေဖြစ်သည်။ ၁၉၈၉ တွင် အနောက်နိုင်ငံများက မြန်မာသို့ လက်နက်ရောင်းချမှုများ ပိတ်ပင်လိုက်ပြီးနောက် တရုတ်၏ ဩဇာအာဏာ ပို၍ကြီးထွားခဲ့သည်။ အိန္ဒိယအတွက် အလွန်အရေးကြီးသော စိုးရိမ်စရာကိစ္စဖြစ်လာခဲ့သည်။ အိန္ဒိယ၏ အနောက်မြောက်ဒေသအတွက် တရုတ်၏ခြိမ်းခြောက်မှု အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားလာရသည်။ ထို့အပြင် အိန္ဒိယနယ်စပ် မူးယစ်ဆေးဝါးသယ်ဆောင်မှုကို ဖြတ်တောက်ရေးနှင့် အိန္ဒိယကို ဆန့်ကျင်သောင်းကျန်းနေသူများ အခြေစိုက်စခန်းများဖျက်သိမ်းရေးတွင် မြန်မာအစိုးရ၏ အထောက်အကူလိုကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မြန်မာအစိုးရနှင့် စီးပွားရေး၊ ကုန်သွယ်မှု၊ စွမ်းအင်နှင့် ယုံကြည်မှုတည်ဆောက်ရေးတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရကလည်း မဟာဗျူဟာနှင့် နည်းပညာဆိုင်ရာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုလားကြောင်း ပြခဲ့သည်။ သို့သော်လည်း မြန်မာစစ်အစိုးရက ပြည်တွင်းရေးကိစ္စတွင် ကြားဝင်စွက်ဖက်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုမှုများနှင့် ပတ်သက်ပြီး သတိပေးခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုနှင့် ပတ်သက်၍ ထောက်ခံမှုကို စွန့်ခဲ့သည်။ အိန္ဒိယတွင် လာရောက်ခိုလှုံကြသော ဒီမိုကရေစီခေါင်းဆောင်များကိုလည်း စောင့်မကြည့်ရှုမှု ရပ်ဆိုင်းခဲ့သည်။

အိန္ဒိယပေါ်လစီသုံးသပ်ချက်များ

၁၉၉၂ တွင် အိန္ဒိယစီးပွားရေးကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုသည်။ အိန္ဒိယ၏ အရှေ့မျှော်ပေါ်လစီအရ အာဆီယံဒေသများတွင် ဈေးကွက်ရှာသည်။ ၁၉၉၆ တွင် မြန်မာက အာဆီယံအဖွဲ့ဝင်ဖြစ်လာချိိန်တွင် အိန္ဒိယက အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု တိုးချဲ့လာသည်။ အိန္ဒိယအရှေ့မြောက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနောက်ကျနေရခြင်းမှာ သောင်းကျန်းသူများကြောင့် ဖြစ်သည်။ အချို့သော သောင်းကျန်းသူအုပ်စုများသည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN နှင့် အာသံလွတ်မြောက်ရေးတပ်ဦး ULFA တို့သည် မြန်မာဖက်တွင် ခိုလှုံအခြေစိုက်နေသူများဖြစ်သည်။ မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းလာသည်နှင့်အမျှ ၎င်းသောင်းကျန်းမှုများကို ချုပ်ငြိမ်းအောင်ပြုလုပ်နိုင်သည်။ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့များကို ထုတ်ယူရေးတွင် ရင်းနှီးမြှပ်နှံမှုပြုလုပ်ခြင်းဖြင့် အိန္ဒိယတွင် လိုအပ်နေသော စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်သည်။ အဆိုပါ အကြောင်းများကြောင့် အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အာရုံစိုက်ခဲ့သည်။ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်လည်ပတ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့ လည်ပတ်ခဲ့သည်။ ၂၀၀၆ ခုနှစ် မတ်လက အိန္ဒိယသမ္မတ ရန်ကုန်မြို့သို့လာရောက်လည်ပတ်ခဲ့သည်။ နှစ်နိုင်ငံစစ်ခေါင်းဆောင်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံဆက်သွယ်မှုအတွက် အိန္ဒိယမဏိပူရနယ်စပ်မှ တမူး၊ကလေးဝ၊ ကလေးမြို့ ကီလိုမီတာ ၁၆၀ ရှည် လမ်းဖေါက်လုပ်ခဲ့သည်။ ထို့အပြင်သုံးနိုင်ငံ ဆက်သွယ်ပေးမည့် မဏိပူရ မိုရေးမြို့နှင့် ထိုင်းနိုင်ငံမဲဆောက်မြို့ကို ပုဂံ မန္တလေးမှဖြတ်၍ လမ်းဖေါက်လုပ်ရန် စီမံချက်ရေးဆွဲထားသည်။အိန္ဒိယကုလားတန်မြစ်မှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းနှင့် ရေကြောင်းဆက်သွယ်ရေး ထူထောင်ရန် စီစဉ်ခဲ့သည်။ အာသံပြည်နယ် ချီရိဘောင်းနှင့် ဟနွိုင်မြို့ကို ဆက်သွယ်မည့် ရထားလမ်း မြန်မာနိုင်ငံကို ဖြတ်သန်းဖေါက်လုပ်ရန် စီစဉ်နေသည်။ အိန္ဒိယသည် တရုတ်၊ ရုရှားနှင့် ယူကရိန်းတို့ကဲ့သို့ပင် မြန်မာနိုင်ငံကို ပုံမှန်လက်နက်ရောင်းချပေးနေသည်။ အစပိုင်းတွင် အိန္ဒိယသည် မြန်မာနိုင်ငံကို ၁၀၅ မီလီမီတာ အမြောက်များ၊ တီ ၅၅ တင့်ကားများ၊ အပေါ့စား ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ လက်နက်ကြီးကျည်ဆံများနှင့် ရေတပ်ရေယာဉ်များ ရောင်းချပေးခဲ့သည်။ အိန္ဒိယ၏ နောက်ဆုံးကာကွယ်ရေး ထောက်ပံ့မှုများတွင် သောင်းကျန်းမှု ဆန့်ကျင်ရေး ရဟတ်ယာဉ်များ၊ မြန်မာ့လေတပ်မတော်၏ ရုရှားနှင့် တရုတ်လုပ်တိုက်လေယာဉ်များနှင့် ရေတပ်ထောက်လှမ်းရေး လေယာဉ်များအတွက် လေကြောင်းအထောက်အကူပြု ပစ္စည်းများ ပါဝင်သည်။ အိန္ဒိယနှင့် မြန်မာစစ်အစိုးရ ဆက်ဆံမှုနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယအစိုးရသည် တည်ဆဲအစိုးရနှင့် ဆက်ဆံခြင်းသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီပျံ့နှံ့ရေး လိုလားပါကြောင်း၊ သို့သော်လည်း ဒီကိစ္စကို သက်ဆိုင်ရာ နိုင်ငံများကသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တရုတ်ဩဇာ

ခေတ်သစ်မြန်မာနိုင်ငံတွင် တရုတ်မြန်မာဆက်ဆံရေးကို အပိုင်းသုံးပိုင်းခွဲနိုင်သည်။ ၁၉၄၉ မှ ၁၉၆၁ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၆၂ မှ ၁၉၈၈ နေ၀င်းခေတ်နှင့် ၁၉၈၉ မှ ယခုထိ သန်းရွှေခေတ်ဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။ ဦးနု၏ ပါလီမန်ဒီမိုကရေစီခေတ်တွင် ရင်းနှီးသော ဆက်ဆံမှု ရှိခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၅၄ တွင် ပထမဦးဆုံး ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၆၀တွင် နယ်စပ်စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၆၁ တွင် နှစ်နိုင်ငံတပ်မတော် ပူးပေါင်း၍ ကူမင်တန်တရုတ်ဖြူများကို ရှမ်းပြည်နယ်မှ တိုက်ထုတ်ခဲ့သည်။ ၁၉၆၂ ခုနှစ် နေ၀င်းအစိုးရတက်လာချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကေဒါများကို တရုတ်က ခိုလှုံခွင့်ပေးခဲ့သည်။ နောက် ၆ နှစ် အကြာတွင် တရုတ်မြန်မာ ဆက်ဆံရေးပို၍ တင်းမာခဲ့သည်။ မြန်မာနိုင်ငံတွင်းရှိ တရုတ်များနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ခဲ့သည်။ အဓိကရုဏ်း ဖြစ်ခဲ့သည်။ ၁၉၆၈ ခုမှ ၁၉၇၃ ထိ ဗကပများကို တရုတ်က အပြည့်အ၀ အကူအညီပေးခဲ့သည်။ တရုတ်သည် ကချင်၊ ရှမ်းနှင့် နာဂသူပုန်များကိုလည်း အလားတူ အကူအညီ ပေးခဲ့သည်။ ဗကပများက သူပုန်တပ်ပေါင်းစုဖွဲ့၍ နေ၀င်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာတွင် တရုတ်က အကူအညီပေးခဲ့သည်။ ၁၉၇၅ တွင် ဦးနေ၀င်းတရုတ်ပြည် သွားလည်သည်။ တရုတ်နှင့် ပြေလည်မှုရအောင် ကြိုးပမ်းခဲ့သည်။ ၁၉၇၉ တွင် တရုတ်က ဒေါ်လာ ၆၃ သန်း အကူအညီ ပေးခဲ့သည်။ ၁၉၈၈ တွင် မြန်မာနိုင်ငံသာမက တရုတ်၌ပါ ဆူပွက်ခဲ့သည့် မြန်မာ၌ ရှစ်လေးလုံး အရေးအခင်း ဖြစ်သလို တရုတ်၌လည်း တိန်အန်မင်း အရေးအခင်းဖြစ်ခဲ့သည်။ ထို့နောက်တရုတ်က မြန်မာနိုင်ငံနှင့် ဆက်ဆံမှုကောင်းလာစေရန် ပေါ်လစီပြောင်းခဲ့သည်။ ၁၉၈၉ တွင် ဗကပများကို တရုတ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။ ဗကပ သောင်းကျန်းမှု ချုပ်ငြိမ်းအောင် လုပ်နိုင်ခဲ့ပြီး အခြားသော ရှမ်းနှင့် ကချင်သောင်းကျန်းမှုများပါ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချိန်ကစ၍ တရုတ်သည် မြန်မာကို စစ်ရေးစီးပွားရေးနှင့် ဖွံ့ဖြိုးရေးအကူအညီများဖြင့် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတကာ ပိတ်ဆို့မှုသက်သာစေရန် တရုတ်က စစ်လက်နက်ပစ္စည်းများ ပေးကမ်းခဲ့သည်။ မကြာသေးမီကအထိ မြန်မာ့တပ်မတော်၏ စစ်လက်နက်ပစ္စည်း ၈၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်လုပ်များဖြစ်သည်။ မြန်မာအစိုးရကို တရုတ်က စစ်ရေး၊ စီးပွားရေး အကူအညီပေါင်းစုံဖြင့် ဩဇာလွှမ်းမိုးနိုင်လာခဲ့သည်။ တရုတ်သည် ဩဇာအာဏာသာမက လူဦးရေးပါ လွှမ်းမိုးလာနိုင်သည်။ မြန်မာပြည်အရှေ့မြောက်ဒေသနှင့် အလယ်ပိုင်းအထိ တရုတ်မှတရားမ၀င် ၀င်ရောက်လာကြသူများ ရှိခဲ့သည်။ မန္တလေးမြို့တစ်မြို့တည်း၌ပင် တရုတ်မှ တရားမ၀င် လာရောက်နေထိုင်သူ ၃၀ ရာခိုင်နှုန်း ရှိသည်။ တရုတ်လူမျိုးများသည် မြန်မာတိုင်းရင်းသားလူမျိုးစုများ အသွင်ဖြင့် ကူးပြောင်းပြီး နေထိုင်ခဲ့ကြသည်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင်လည်း တရုတ်သည် မြန်မာနိုင်ငံ၌ အီလက်ထရောနစ် နားထောင်ရေးစခန်းများကို တည်ဆောက်ပြီး ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဆက်သွယ်ရေးလုပ်ငန်းများကို ကြားဖြတ်နားထောင်ခဲ့သည်။ မြန်မာစစ်အစိုးရအာဏာ တည်မြဲနေသရွေ့ တရုတ်သည် မြန်မာတွင် ဩဇာသက်ရောက်မှု ဆက်လက်တည်မြဲနေမည်။

စစ်အစိုးရအပေါ် နားလည်သဘောပေါက်မှု

ဗြိတိသျှကိုလိုနီအာဏာ၏ လက်ကိုင်တုတ်အဖြစ်မှနေ၍ ဖြစ်ပေါ်လာသော တောင်အာရှ တပ်မတော်များနှင့်အတူပင် မြန်မာ့တပ်မတော်သည် အစဉ်အလာအရလည်းကောင်း၊ အရည်အသွေးအရလည်းကောင်း ကွဲပြားခြားနားနေသည်။ ကမ္ဘာစစ်စတင်လာချိန်တွင် မြန်မာမျိုးချစ်လူငယ် ၃၀ ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ဘီအိုင်အေစတင်ဖွဲ့စည်းခဲ့သည်။ ဘီအိုင်အေသည် ဂျပန်နှင့် ပူးပေါင်း၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ခဲ့သည်။ ထို့နောက် မဟာမိတ်တပ်ပေါင်းစုများ အကူအညီနှင့် ဂျပန်ဖက်ဆစ်တို့ကို တော်လှန်ခဲ့သည်။ အဆိုပါရဲဘော်သုံးကျိပ်သည် မြန်မာနိုင်ငံရေးကို စတင်ပုံဖော်ခဲ့ကြသူများဖြစ်သည်။ ဤသည်ပင် မြန်မာ့တပ်မတော်၏ မူလအစပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ဗြိတိသျှအစိုးရအုပ်ချုပ်နေစဉ်မှာပင် အနောက်တိုင်းတန်ဖိုးစံများကန့်သတ်ခဲ့သည်။ ဒီမိုကရေစီ အနောက်နိုင်ငံပုံစံသည် မြန်မာ့လူ့ဘောင်တွင် အမြစ်မတည်ခဲ့ချေ။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ ၁၄ နှစ်ကြာ ကာလသည် ပါတီစုံဒီမိုကရေစီခေတ်ဖြစ်သည်။ တိုင်းပြည်နိုင်ငံရေး ကသောင်းကနင်းဖြစ်ခဲ့သည့် ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းခဲ့သည်။ တိုင်းပြည်လုံခြုံရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ နေ၀င်းအစိုးရ ပြုတ်ကျသွားပြီးနောက်တွင် စစ်တပ်ကသာ တိုင်းပြည်အာဏာကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို တပ်မတော်ကသာ တာဝန်ယူ ထိန်းသိမ်းနိုင်သည်ဟူသော အသိစိတ်ဓါတ်ကြောင့် တပ်မတော်သည် တိုင်းပြည်အာဏာကို အမြဲတမ်းထိန်းသိမ်းရမည်ဟူသော အစဉ်အလာတစ်ရပ် ဖြစ်လာခဲ့ပြီး ဒီမိုကရေစီဖွဲ့စည်းမှုများ လမ်းကြောင်းပိတ်ခဲ့သည်။ နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ဘ၀များတွင် တပ်မတော် အရာရှိများကသာ စီမံခန့်ခွဲသည့် အစဉ်အလာတစ်ရပ် ဖြစ်ပေါ်လာသည်။ ၎င်းကအစဉ်အလာသည် တပ်မတော်၏ တရားဝင်အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။ မြန်မာ့တပ်မတော်သည် အရှေ့တောင်အာရှတွင် ဒုတိယအင်အားအများဆုံး တပ်မတော်ဖြစ်သည်။ စစ်သည်အင်အား ၄ သိန်းခန့်ရှိသည်။ ၁၉၈၉ ခုနှစ်တွင် SPDC အာဏာစယူချိန်မှစပြီး ၂ ဆတိုးလာခဲ့သည်။ မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း ၃၆၀ ရှိပြီး ခြေမြန်တပ်ရင်းပေါင်း ၂၆၆ ခုရှိသည်။ မြန်မာ့တင့်ကားတပ်ရင်းတွင် ဆိုဗီယက်ဒီဇိုင်း T72S ၁၃၉ စီးနှင့် တရုတ်လုပ်ပုံစံမျိုးစုံတင့်ကား ၆၀၀ ရှိသည်။လေတပ်တွင် F7 နှင့် MIG 29 တိုက်လေယာဉ် ၆၄ စီး၊ J6 နဲ့ A5 တိုက်ပွဲဝင်လေယာဉ် ၆၄ စီးရှိသည်။ မြန်မာ့ရေတပ်မတော်တွင် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် ကော်ဗက်သုံးစီးတို့ရှိကြပြီး ဒုံးကျည်တည်ဆင်ထားသော FAC ၁၀ စီးနှင့် ရေငုတ်သင်္ဘော၊ ရှာဖွေရေးသင်္ဘော ၁၀ အပါအ၀င် လျှပ်တပြက်တိုက်ခိုက်ရေးယာဉ် ၂၆ စီးရှိသည်။ မြန်မာ့တပ်မတော်သည် မည်သည့်ပုံစံမျိုးဖြင့် အုပ်ချုပ်သည်ဖြစ်စေ၊ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အဓိကလွှမ်းမိုးမှု ရှိနေဦးမည်ဖြစ်သည်။ အဆိုပါ ပုံစံသည် အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံတို့ ပုံစံမျိုးကဲ့သို့ဖြစ်သည်။

နိဂုံးပိုင်း

မြန်မာသည် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာအရ အရေးပါသော နိုင်ငံဖြစ်နေသည်။ လွန်ခဲ့သော နှစ် ၂၀အတွင်း တရုတ်သည် မြန်မာ၌ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံမှုများ အခိုင်အမာ တည်ဆောက်ထားသည်။ တရုတ်သည် အိန္ဒိယပင်လယ်ထွက်ပေါက်ကိုလည်း ရရှိထားသည်။ မြန်မာ၏ သဘာဝရင်းမြစ်များကိုလည်း ထုတ်ယူခွင့် ရထားသည်။ ပြည်တွင်းရေး မစွက်ဖက်မှု မူဝါဒကို ကြွေးကြော်ထားသော တရုတ်သည် မြန်မာအစိုးရကို အဓိကလက်နက်ပစ္စည်း ထောက်ပံ့သူဖြစ်လာသည်။ ထို့ကြောင့် မြန်မာအစိုးရသည် အနောက်နိုင်ငံ ပိတ်ဆို့ထားမှုများကို ဂရုမစိုက်နိုင်ဘဲ ရပ်တည်နိုင်သည်။ တပ်မတော်အင်အားကို နှစ်ဆတိုးချဲ့နိုင်သည်။ ထို့အတူ အိန္ဒိယသည် တရုတ်ပုံစံကိုလိုက်၍ မြန်မာနိုင်ငံနှင့် ရင်းနှီးမှုရအောင် ကြိုးပမ်းနေသည်။ သို့သော်အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်။ တစ်ဖက်မှ စီးပွားရေးနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ကြိုးပမ်းနေသလို တိုင်းပြည်၏ ဒီမိုကရေစီအင်အားစုများနှင့် ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းရေးအတွက်လည်း ကူညီအားပေးသင့်သည်။ သို့သော်လည်း အိန္ဒိယသည် တရုတ်လောက် ဩဇာအာဏာ ထူထောင်နိုင်ဦးမည် မဟုတ်ချေ။ မြန်မာ့နိုင်ငံရေးလောကတွင် ဒီမိုကရေစီအင်အားစုများနှင့် သင့်မြတ်ရေးသည် မြန်မာ့တပ်မတော်ရှိ လူငယ်အရာရှိများ၏ စိတ်ထားပြောင်းလဲမှုအပေါ်တွင် မူတည်နေသည်။ အိန္ဒိယအနေနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေး ဒီမိုကရေစီအစိုးရ ဖြစ်လာရေးကို မိမိ၏ ရေရှည်ရည်မှန်းချက်တစ်ရပ်အဖြစ် ထားသင့်သည်။ စီးပွားရေးအကျိုး တစ်ခုတည်းသာ အာရုံမစိုက်သင့်ကြောင်း တင်ပြအပ်သည်။

အပြည့်အစုံ..သို့ ...

Thursday, August 23, 2007


ငြိမ်းချမ်းစွာ အိပ်စက်နေပါလေ

ပုပ္ပါးတောင်ခြေမှာ

သူရွှာ ရှိနေရဲ

ပုပ္ပါတောင်းအနီးမှာ

ရူမငြီးတဲ့

ချစ်ဇနီးနဲ့ သား၊သူ ချန်ထာားခဲ့

သူမြေမှာ၊သူ မနေသာခဲ့

အရှေ့ ရဲ ခေါ်သံ သူနာခံခဲ့။

ညီအကိုတော်တွေနဲ့ 

သူအနေ ပျော်ခဲ့ပါရဲ့ 

ရိုးသားမူ နဲ့ နေတတ်သူ

ပွင့်လင်းတဲ့သူ

အလုပ်ကိုမြတ်နိုးသူ

အဆိုးဆုံးတွေကြားမှာနေသာကျတတ်သူ

လက်ရဲဇက်ရဲ

အမျက်ထွက်ခဲသူ

တကယ်တော့ သူဟာ အမှန်တရားမျာပျော်မွှေ့ သူပါ။

ဆောင်းမပြောင်း ၊နွေမကူးမှီ

ပေါင်းလောင်းမှာ နေဦးမယ်တဲ့

အစားအသောက် ဆင်းရဲပေမယ့်

ဓားကောက် ‘ချင်း’ ဆဲပါတဲ့။

သူ့ နှစ်မွှာ ရင်သွေးသားသစ်တို့  အတွက်

သူ့ ရာဇ၀င် ရေးထားရစ်ခဲ့မယ်တဲ့

ဒဏ်ရာအကျက်မှာ

ရန်တကာ သူထွက်တိုက်ဦးမယ်တဲ့

ပေါင်းလောင်းချောင်းနားမှာ

သူဖျားနာနေပေမယ့်

ဆင်သေတောင်ခြေမှာ သူအနေကြာပေမယ့်

မိုးကျရင် ရိုးမကူးမယ်တဲ့။

မျက်လုံးအကြည်ဓာတ်မှာ

ပြတ်သားမူတွေနဲ့ သူ

သတိမလွှတ်ဦးမညွှတ်ခဲ့သူ

အဆုံးထွက်သက်မှာ

အပြုံးမပျက်၊ကြုံးဝါးချက်နဲ့ သူ

ဝိဥာဉ်အလွင့်မှာ၊ကြည့်မြင်တာ မစွန့် ခဲ့သူ

ခန္တာကိုယ် အိုးစားအကွဲမှာ၊ ရန်တကာဖြို အငြိုးထားရဲခဲ့သူ

အခု…….သူ

ဒဏ်ရာဒဏ်ချက် တနင့်တပိုးနဲ့ 

ပေါင်းလောင်းမြစ်ရိုးတလျောက်မှာ

သွေးသောက်ညီနောင် နှစ်ယောက်နဲ့ အတူ

အင်အားချင်း မမျှတဲ့

သုံးယောက်နဲ့ တခွဲ

အဒီနေ့ က တိုက်ပွဲမှာ။

ဓားကိုဓား နဲ့ ၊တုံ့ ပြန်ခဲ့ကြ

လှံကိုလှံချင်း၊ တုံနှင်းခဲ့ကြ

မြင်းကိုမြင်းချင်း၊ စီးချင်းထိုးကြ

သွေးချင်းချင်း အံထွက်

ပုပ္ပါးမီိးတောင် ထပွက်သလို လျှံထွက်

ပေါင်းလောင်း ရေပြင်ထက်မှာ

အနီရောင်လက်စေခဲ့တယ်။

ပုပ္ပါးတောင်ထိပ်မှာ

ဝိဥာဉ်တို့ အိပ်စက်နေပါပြီး၊

ပုပ္ပါးတောင်ကလပ်မှာ

ရာဇ၀င်ကမ္မည်း ကပ်ခဲ့ပါပြီး၊

အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲမှာ

စိတ်ဓါတ်ခိုင်မာ မပြိုလဲတဲ့ ၀ိဥာဉ်တို့ 

အစဉ်ထာဝရ

ငြိမ်းချမ်းကြပါစေ

ဤကဗျာ အား ရေဆန်လမ်းသို့ အပြန်( နိုင်ဝင်းဆွေ) အမှတ်တရ ကဗျာစာအုပ် မှ ကူးယူးဖေါ်ပြပါသည်။

အပြည့်အစုံ..သို့ ...

Sunday, August 19, 2007

ကျနော် ပြောချင်တဲ့ ကျနော့်အကြောင်း

ကိုယ်ထဲမှာ

အသက်ဟာ

နှေးကွေးစွာ လည့်နေဆဲလား

“ကျနော် သေသွားပြီးလား”

အသက်နဲ့ သွေး၊ပေးလှု စတေးထား

သွေးခင်းလမ်းမထက်က

ပြည်သူ့ တော်လှန်ရေးသမားလေ

“ကျနော် အသက်ရှင်နေဆဲလား”

မသေချာ မရေရာတော့ဘူး။

(ဆရာနှိုင်ဝင်းဆွေ ရဲ့ မိုးမခဘူး ကဗျာ မှ)

ကျနော့အကြောင်းလား ပြောရရင် တော့ အရှည်ကြီးပဲ ငယ်စဉ်တောင်ကျေး ခလေးဘ၀ ကနေ စရမယ်ထင်တယ် ။ကဗျာ တွေစာတွေ လည်းမရေးတတ်ဘူး၊ ကျောင်းစာတွေ လည်း ဟုတ်တိ ပါတ်တိ မသင်ချင်ဘူး၊ ငယ်ငယ်ကဆိုအမေ ကပြောတယ် ကြီးလာရင်တော့ သူပုန် ဖြစ်မဲ့ဟာ တွေတဲ့(အင်းအခုတော့ သူပြောတာ မှန်နေပြီပဲ) အော်ပြောရအုံးမယ်။ မေ့သွားလို့  စာတော်တော်ဖတ်ဖြစ် တယ်။ ကျောင်းစာ ကလွဲရင်ပေါ့၊ မှတ်မှတ်ရရ အထက်တန်း ကျောင်း သားဘ၀က ထင်တယ်။ ဘာသာပြန်သူကို တော့မေ့သွားပြီ။ စာအုပ် နာမည် ကတော့ "မြန်မာတောတွင်းမှာရက်ပေါင်းတစ်ရာ" တဲ့ အဲဒီ စာအုပ် ကို စာသင်ချိန် မှာ ခိုးဖတ် မိတာ အတန်းပိုင် ဆရာမ ကမိသွားတော့ မြန်မာ တောတွင်းမှာ ရက်ပေါင်းတစ်ရာ တော့ မဟုတ်ဘူး၊ နင့်ကို နေပူပူထဲ ၂ နာရီလောက် နေနိုင်ရင် နေ ကြည့်စမ်း ဆို ပြီး ရပ် ခိုင်းထားတဲ့ ကျနော် ဟာ အခုတော့ ရက်ပေါင်း ထောင်ချီမက အမေ နဲ့  ဝေးရာ ချစ်ခင်သူတွေ နဲ့  ဝေးရာ ရောက်နေတာ ဆယ်စုနှစ် မက ကြာ ခဲ့ပြီဆိုတာ အဝေးက ဆရာမ သိပါ လေစ?????????

(မြန်မာပြည်မြောက်ဖျား နှင်းတွေအမြဲဝေတတ်တဲ့ ကချင်ပြည် မြစ်ကြီးနားမြို့ က ဆရာမသို့  မှတ်မှတ်ရရ)




အပြည့်အစုံ..သို့ ...